ကျွန်တော့်အတွက် သူဖြစ်ခွင့် မရရင် သူ့ အတွက်တော့ ကျွန်တော်ဖြစ်ချင်မိတယ်။ ဘယ်လောက်များတောင် ရူးလဲဆို ကျွန်တော့် အသိဥာဏ်တရားကို သူ့အတွက် ငယ်ထားချင်တယ်..။ ကျွန်တော့်ရဲ့ နေရာလွတ်ကို သူ့အတွက် ဖယ်ထားပေးချင်တယ်။ သူ့ကို စာလုံးပေါင်းတယ်..။ သံယောဇဉ်လို့ အသံထွက်ပြီး ... နာကျင်မှုလို့ အဓိပ္ပာယ်ရတယ်.. သူ့ကို နောက်ယောင်ခံလိုက်တဲ့ နေ့တွေဆို ကျွန်တော်ဘာစားစား ချိုနေတော့တာပဲ..။

Friday 26 March 2010

ပန်းတွေပွင့်တယ်

မ..ရဲ့ နှုတ်ခမ်းလေးကို
အတွေးထဲမှာ နမ်း
စိတ်ကူးယဉ်တာလေးတွေ နည်းနည်း ကြမ်းတမ်းတဲ့အခါ
ဟော..ကျွန်တော် ရင်ဘတ်မှာ ပန်းတွေ လာလာပွင့်တယ်။

ကျွန်တော့်ဘေးမှာ
မ..ရဲ့ လက်နွေးနွေးလေး ရှိနေတဲ့အခါ
ဘာမှ မလိုအောင်ပြည့်စုံ
စိတ်နဲ့ ခန္ဓာတစ်ခုလုံးကို မ အတွက် ပုံထားလိုက်တယ်။

မျက်လုံးလေးတွေ အသာမှိတ်
မ..ရင်ခွင်ထဲမှာ တစ်ခါလောက် အိမ်ခွင့်ရမယ်ဆိုရင်
ကြမ်းတမ်းချင်သလောက် ကြမ်းတမ်း
အဲဒီ ဘ၀ဆိုတဲ့ ခရီးလမ်းမှာ
ဒုက္ခဆိုလဲ ပုခုံးနဲ့ ထမ်းပြီးသွားမယ်။

ချစ်သောမရယ်..
မောင့် ကောင်းကင်မှာဆိုရင်လဲ
မင်းရဲ့ အပြုံးမျက်နှာလေးကို
လ တစ်စင်းလို ချိတ်ဆွဲထားလိုက်ချင်တယ်။

(မောင်)

Wednesday 24 March 2010

သစ္စာထား...

ချစ်သူရေ...
ပိုင်ဆိုင်ရတာနဲ့..ဆုံးရှုံးရတာဆိုရင်..
မပြိုင်ပဲနဲ့ အမြဲရှုံးခဲ့ရတဲ့ ကိုယ့်အတွက်..
မင်းက..
ဘုရားပေးတဲ့ ဆုလာဘ်ပေါ့.....။

အလိုမကျမှုတွေ..
အတ္တတွေနဲ့ ထွေးလုံးရစ်ပတ်..
မှောင်မိုက်နေတဲ့ ကိုယ့်စိတ်ဓါတ်တွေလဲ..
မင်းရဲ့ အချစ်တွေနဲ့..
နှစ်သိမ့်ရွှင်လန်း...
ကြည်လင် ငြိမ်းချမ်းခဲ့ပြီလေ...။

အခြေအနေမပေးလို့..
တို့နှစ်ယောက် မဆုံနိုင်သေးပေမယ့်..
သစ္စာတရားနဲ့ ခရီးဆက်..
ချစ်ခြင်းတွေနဲ့..
ဝေးရတဲ့ရက်တွေကို ကျော်ဖြတ်ကြမယ်...။

မနက်ဖန်တိုင်းက လှပ..
ချိုမြတဲ့ လေပြေညင်းရဲ့ ဂီတနဲ့အတူ..
အရာရာကို ရင်ဆိုင်..
လက်တွေ ခိုင်ခိုင်တွဲကြမယ်....။

တစ်ယောက်နဲ့ တစ်ယောက်..
နားလည်မှုတွေ တည်ဆောက်လို့..
သံသယမီးတောက်တွေကိုငြှိမ်း..
ဘယ်တော့မှ မစိမ်း ဘူးနော်....။

သူတစ်ကိုယ် ကိုယ်တစ်ခြား..
ဝေးရမယ့် စကားဆိုရင်..
တခွန်းမှ မ.ဟ..
လုံးဝ မေ့ထားကြမယ်....။

မင်းကိုချစ်တဲ့...ကိုယ့်ရဲ့အချစ်..
ကိုယ့်ကိုချစ်တဲ့...မင်းရဲ့အချစ်..
အမြဲတမ်းသစ်နေအောင်..
ကာရံတွေ ရှာကြံတွေး...
ကဗျာတွေ အပြန်အလှန်ရေးကြမယ်....။

ရေခြား မြေခြား..
ကမ္ဘာတစ်ခြမ်းပါ ခြားနေလို့..
စိတ်ချင်း ဆက်သွယ်...
အိပ်မက်တိုင်းမှာ တွေ့ကြမယ်နော်....။

ချစ်သူရေ..
လော်လည်ဖောက်ပြား..
မင်းအပြင်..တခြားရင်ခွင် ရှိသေးလားလို့..
သံသယအတွေး..
မြူမှုန်လောက်မှ မမွေးပါနဲ့ကွယ်....။

တခြားတစ်ယောက်အတွက်..
နောက်ထပ်မရှိတော့မယ့် ချစ်ခြင်းနဲ့...
မင်းအတွက်ကိုသာ..အလေးထား..
ဒါက..ကိုယ့်ရဲ့ ...
သစ္စာတရားပါပဲကွယ်.....။

(လေးညှိုရှင်)

Monday 22 March 2010

ချစ်သူ..သို့....




ချစ်သူ...
ကိုယ့်မနက်ဖြန်တွေကို..
ရှင်သန်စေခဲ့တဲ့အတွက်..
ကျေးဇူးပါ.....။

နေ့သစ်တစ်ခုကို အစပျိုး..
အိပ်ရာက ဖျပ်ခနဲ နိုးလိုက်တာနဲ့...
ကိုယ့်အတွက် .. မင်းရှိတယ်ဆိုတဲ့ အသိက..
တစ်နေ့တာရဲ့ ..အင်အား..
အဆိုးတွေကို ရင်ဆိုင်ကျော်လွှားနိုင်ပါတယ်...။

တစ်နေ့တာ ပြီးဆုံးလို့...
နေလုံးကွယ်ပျောက်..ညအိပ်ချိန်ရောက်တဲ့အခါလည်း
မျက်စိမှိတ်လိုက်တာနဲ့...
မင်းအပြုံးကို မြင်ယောင်..
ကြယ်တစ်စင်းလို..
ကိုယ့်ဘ၀ကို အလင်းဆောင်တယ်လေ.....။

နေတစ်ခြမ်း..လတစ်ခြမ်း...
နာရီတွေ ကွာလှမ်းနေပေမယ့်..
တွန်းလှန်ဖယ်ရှား ...
ကမ္ဘာသစ် တစ်ခုဆီကို..အတူတူသွားကြမယ်...။

အဲ့ဒီကမ္ဘာမှာ..
အမုန်းအငြှိုးတွေ ပျောက်ဆုံး..
သံယောဇဉ်တွေ..နှောင်ထုံးကြမယ်...

အဲ့ဒီကမ္ဘာမှာ..
ပကာသနတွေ.သံသယတွေကို ..ခ၀ါချလို့..
နှစ်ကိုယ်တူ.ချစ်သမျှ..လှစ်ဟသီကေး..
ဖေးမပေးကြမယ်...

အဲ့ဒီကမ္ဘာမှာ..
သာယာလှပ.. အချိန်တိုင်းမွှေးမြနေအောင်..
မြတ်နိုးချင်းတွေနဲ့
ပန်းတစ်ခင်း ပျိုးကြမယ်...

ချစ်သူရေ...
ရတု အဆက်ဆက်.. အတူတူ ကျော်ဖြတ်ရအောင်..
ဒီအချိန်က..စ..
နားလည်မှုတွေနဲ့.. သွားကြမယ်နော်...။

(လေးညှို့ရှင်)


Saturday 20 March 2010

'' မ = ငါး '' ... '' မောင် = နွား''



မသစ်ရသေးတဲ့ မျက်နှာနဲ့ ကျွန်တော်သူ့ဆီ ထွက်လာလိုက်တယ်...။
အခုမှ ရေးတဲ့ ကဗျာတစ်ပုဒ်ပါတယ်... သူဖတ်ဖို့
အခုမှ တွေးတဲ့ စကားတစ်ချို့ပါတယ်... သူသိဖို့
အခုမှ သိတဲ့ ခံစားချက်တွေပါတယ်... သူပျော်ဖို့ ။

သူ့ကို စာလုံးပေါင်းတယ်..။
သံယောဇဉ်လို့ အသံထွက်ပြီး ...
နာကျင်မှုလို့ အဓိပ္ပာယ်ရတယ်..
သူ့ကို နောက်ယောင်ခံလိုက်တဲ့ နေ့တွေဆို
ကျွန်တော်ဘာစားစား ချိုနေတော့တာပဲ..။

သူ့အသံကို စိတ်ကူးနဲ့ ကြားယောင်တယ်
သူ့ကိုယ်ရိပ်ကို စိတ်မှန်းနဲ့ မြင်ယောင်တယ်
သူ့အတိတ်ကို ကိုယ်တိုင် လူစားဝင်တယ်
ပြီးတော့.. သူ့ ဆုတောင်းတွေကို တစ်သွေးတစ်သားအလေးထားချင်ခဲ့တယ်..။

သူ ..........
ကျွန်တော်ရဲ့ သူ........။

.................
.................

သူ...က စကားပြောဖော်
သူ...က ကိုယ်ပွား
သူ...က သံစဉ်တစ်ပုဒ်
သူ...က ပဟေဠိတစ်သွယ်....
ကျွန်တော်ဟာ သူ့အတွက်
သူ့အတွက်ကလည်း ကျွန်တော်
ဘာပဲဖြစ်ဖြစ်ပျော်တယ်...။

ကျွန်တော့်အတွက် သူဖြစ်ခွင့် မရရင်
သူ့ အတွက်တော့ ကျွန်တော်ဖြစ်ချင်မိတယ်။
ဘယ်လောက်များတောင် ရူးလဲဆို
ကျွန်တော့် အသိဥာဏ်တရားကို
သူ့အတွက် ငယ်ထားချင်တယ်..။
ကျွန်တော့်ရဲ့ နေရာလွတ်ကို
သူ့အတွက် ဖယ်ထားပေးချင်တယ်။


ကျွန်တော်ဆိုတဲ့ကောင်က သူ မလိုအပ်ရင် ပြန်ဖျက်ပေးလို့ရတဲ့ သင်ပုန်းတစ်ခု
သူဆိုတဲ့ “မ”က ကျွန်တော်လိုအပ်နေချိန်မှာလဲ မလာဘဲနေနိုင်တဲ့ မီးပြတိုက်တစ်ခု။

သူက သူလိုချင်သလို အချစ်ကို အဓိပ္ပာယ်ဖွင့်ဆိုတဲ့အခါ
ကျွန်တော်က သီအိုရီချင်းမတူပေမယ့် ထောက်ခံ
အားလုံးကို သူ့အတွက် မှန်ပေးချင်ခဲ့တယ်.။

ရိုးရိုးသားသား ၀န်ခံရရင်လေ....
သူဟာ ကုန်းပေါ် ပစ်တင်တာ ခံရတဲ့ ငါး...
ကျွန်တော်က ပင်လယ်ကို ချောင်းထင်ပြီး ကူးတဲ့ နွား..
ကျွန်တော်တို့ တစ်တွေ
ရာဇ၀င်တွင်အောင် မှားကြတယ်။

Friday 19 March 2010

မအတွက်....အချစ်ဆိုတာ..


မရေ..

အချစ်ဆိုတာ ဘာလဲလို့ တွေးမိတိုင်း ဘယ်တော့မှ ပြည့်စုံတဲ့ အဖြေကို မရခဲ့ဖူးဘူး။
ဘယ်သူမှလဲ ပြည့်စုံအောင် ဖြေနိုင်မှာ မဟုတ်ပါဘူး။
မ..ကော အချစ်ဆိုတာကို ဘယ်လိုထင်သလဲဟင်.။

မရေ..
မ ဖတ်ဖို့ ကဗျာဆရာ ကောင်းကင်ကိုရဲ့ “အချစ်ဆိုတာ...” ဆိုတဲ့ ကဗျာလေးတစ်ပုဒ် ကူးရေးထားပေးတယ်.။
မ ခံစားကြည့်ပေါ့နော်.။


အချစ်ဆိုတာ


အချစ်ဆိုတာ တစ်လုံးတည်းနဲ့ ရသစုံနေတဲ့ သစ်သီး
အချစ်ဆိုတာ နှလုံးသားကို ထထခုန်စေတဲ့ ပစ္စည်း။

အချစ်ဆိုတာ လစ်ပိုတွေ အပြည့်ဖြည့်ထားတဲ့ အဏ္ဏဝါ
ချစ်သူ့စကားနဲ့ ဒုက္ခတွေကို ပစ်ပေါက်လိုက်မယ် အဖန်တရာ။

အချစ်ဆိုတာ လူပျင်းတွေကိုတောင် တင်းပေးနိုင်တဲ့ သံပတ်
အချစ်ဆိုတာ အထီးကျန်နေသူတွေရဲ့ နောက်ဆုံးခံတပ်။

အချစ်ဆိုတာ မမြင်နိုင်တဲ့ ကြိုးတစ်ချောင်းနဲ့  ပျံသန်းနေတဲ့ လေတံခွန်
အချစ်ဆိုတာ ကဗျာမျိုးစေ့တွေ စီးဆင်းလာတဲ့ ရေတံခွန်။

အချစ်ဆိုတာ ရေယောင်ဆောင်ပြီး ကြည်လင်နေတဲ့ ဂျင်အရက်
လူတွေကို ယစ်မူးစေနိုင်ခဲ့တယ် အစဉ်အဆက်။

အချစ်ဆိုတာ နှုတ်ခမ်းလေးထဲက ခုန်ပေါက်ထွက်လာတဲ့ သကာ
အချစ်ဆိုတာ ထမင်းပြီးရင် အရေးအကြီးဆုံးသော အစာ။

အချစ်ဆိုတာ လျှာဖျားစက်ရုံတော်က ထုတ်လုပ်လိုက်တဲ့ သကြားချိုချို ဖြစ်ပါသလား။
အချစ်ဆိုတာ ပါးစပ်ဖျားပေါ်မှာတင် တစ်သွားတဲ့ မေတ္တာတရား။

အချစ်ဆိုတာ မပျောက်ချင်လို့  တမင်တကာ မွေးထားလိုက်တဲ့ အနာ
အချစ်ဆိုတာ အချိန်တွေပေးပြီး ကျင်ယူထားရတဲ့ ရတနာ။

အချစ်ဆိုတာ အရေးတကြီး အဟောခံခဲ့ရတဲ့ တရား
အချစ်ဆိုတာ လူသားတွေရဲ့ အနူးညံ့ဆုံးသော အမှား။

အချစ်ဆိုတာ အရာရာကို တော်လှန်ရဲတဲ့ သူပုန်
တစ်ချို့ ကျတော့လည်း မိဘစကားဆိုတဲ့ ပုဝါဟောင်းကြီးတွေကို ခြုံလို့ ။

အချစ်ဆိုတာ တစ်ချို့ မိန်းမသားတွေ အတွက်တော့ ထမင်းတစ်လုတ်
တစ်ခါတစ်ခါ သူတို့ ကို ခေါင်းခေါက်ရွေးနိုင်မယ့် ဒေါ်လာတစ်ဆုပ်။

အချစ်ဆိုတာ ကောင်မလေးတွေ အရမ်းကျွမ်းတဲ့ ဂဏန်းသချာင်္
ပုရိသတွေကို ချိန်တွယ်ပစ်မယ့် အံ့မခန်းပညာ။

အချစ်ဆိုတာ အရည်မမီလို့ အပယ် ခံလိုက်ရတဲ့ ဆန်ကွဲ
အချစ်ဆိုတာ ဖန်ထည်ထက်တောင် ကွဲအက်လွယ်တဲ့ အသည်း။

အချစ်ဆိုတာ ကြိတ်ပြီးတဲ့ အခါ အချိုကုန်သွားတတ်တဲ့ ကြံဖတ်
ဘာပဲဖြစ်ဖြစ် သံယောဇဉ်နဲ့ မြတ်နိုးတတ်ဖို့ တော့ လိုတယ်။

အချစ်ဆိုတာ ကမ္ဘာကိုမောင်းနှင်ထားတဲ့ လောင်စာ
အချစ်ဆိုတာ ငါတို့ ကို အကျဉ်းချထားတဲ့ ထောင်ပါ။

အချစ်ဆိုတာ ကျွံမိရင် ကြိုက်ကြိုက် မကြိုက်ကြိုက် နေရတော့မယ့် စခန်း
အချစ်ဆိုတာ ဂငယ်ကွေ့  ပြန်ကွေ့ ဖို့ ခက်ခဲတဲ့ လမ်း။

အချစ်ဆိုတာ ဘယ်တော့မှ မတိတ်မယ့်မိုး
ချောချော လှလှလေးတွေကို မြင်ရင် အသည်းနှလုံးဆိုတာ နိုးတတ်တယ်။

အချစ်ဆိုတာ နှစ်ယောက်တည်းနဲ့ စပြီးပျိုးခဲ့တဲ့ ဥယျာဉ်
သံယောဇဉ် နွယ်ပင် လေးတွေကို စုချင်တယ်။

အချစ်ဆိုတာ လုံခြုံမှုကို ပေးစွမ်းနိုင်တဲ့ အမိုး
အချစ်ဆိုတာ လူအလစ်ကို စောင့်နေရတဲ့ သူခိုး။

အချစ်ဆိုတာ ပုံသဏ္ဍန်အမျိုးမျိုးနဲ့ မှန်းဆရ ခက်တဲ့ မိုးတိမ်
အချစ်အကြောင်းကို ဖွဲ့ လိုက်တိုင်း ကိုယ့်လက်ကိုယ် စိုးရိမ်တယ်။

(ကောင်းကင်ကို)

Wednesday 17 March 2010

ချစ်သောမ





ချစ်ရမယ့်သူတစ်ယောက် ကိုယ့်ဘ၀ထဲကို ရောက်လာတော့မယ်ဆိုရင်
လူတိုင်းမှာ မှတ်မှတ်ထင်ထင်ဖြစ်ရပ်လေးတွေ ရှိနေတတ်မှာပါ မရေ..။
အဲဒီ ဖြစ်ရပ်ကလေးကိုပဲ တခန်းတနား၊ အဆန်းတပြားလေး ဖြစ်စေချင်တဲ့စိတ်နဲ့
ကိုယ်ခြယ်မှုန်းတတ်ရင် ခြယ်မှုန်းတတ်သလောက် ဂုဏ်မြောက်အောင် လုပ်တတ်ကြတာလဲ လူတိုင်းလိုလိုပါပဲ။
ဥပမာ...
ပန်းချီသမားက ပန်းချီကားလေးနဲ့ တင်စားမယ်..။
ပန်းပုသမားက သစ်သားလေးနဲ့ ရုတ်လုံးထုမယ်..။
စာသမားက အလင်္ကာတွေနဲ့ ခြယ်မှုန်းမယ်။
ဂီတသမားက သံစဉ်..စာသားနဲ့ ကြွားလုံးပိုမယ်.။
အို.. နောက်ဆုံးမှာ မရယ်
ဆိုက်ကားသမားတောင် ဆိုက်ကားလေးနဲ့ ချစ်သူကိုကြိုဆိုရင်း
သူတို့ ရဲ့ ပထမဆုံးတွေ့ဆုံးခြင်းကို အနုပညာဆန်ချင်ကြလိမ့်မယ်။
မရေ.. ကိုယ့်ချစ်သူနဲ့ ပတ်သက်ရင် အရာအားလုံးကို လှပစေချင်ကြတာ လူတိုင်းပဲ ထင်ပါရဲ့ ။
ကျွန်တော်လဲ အဲဒီလိုပါပဲ မရေ..

ကျွန်တော့်ချစ်သူကို ကျွန်တော်ဘယ်လို ဖွဲ့နွဲ့ရမလဲ...
စိတ်ကူးတွေ ယဉ်လိုက်..စိတ်ကူးတွေ ရိုင်းလိုက်.. ကျွန်တော်ကတော့ လူမိုက်ပဲ ထင်ပါရဲ့
မ ..ရေ.
မ..အကြောင်းတွေကို ရေးဦးမယ်..
ရေးနေဦးမယ်......
ကျွန်တော့် အသက်ထက်ဆုံး ရေးသွားပါဦးမယ်..။

Sunday 14 March 2010

တစ်ခွက်...နောက်တစ်ခွက်..... ပြီးတော့ နောက်ထပ်တစ်ခွက်...

ချစ်တဲ့ မရေ...။
ဆိုင်ပိတ်ချိန်က ည (၁၁) နာရီ..။
ဆိုင်တံခါးတွေပိတ်ပြီးချိန်က ည (12)နာရီ။
တစ်နေ့တာ မောင့်အလုပ်ချိန်က (15)နာရီ။
တစ်နေ့တာ မ ကို လွမ်းချိန်က (24)နာရီ။
မောင် ပင်ပန်းလွန်းလှပါပြီ။
မရေ..မောင်နားချင်ပြီ။

ကျေးဇူးပြုပြီး ခဏလောက် အာရုံထဲက ထွက်သွားပေးပါလား။
မ အကြောင်းတွေ မတွေးဘူး..မတွေးဘူးလို့ ကြိုးစားအသက်ရှင်ကြည့်ရင်း
ဒီအလွမ်းတွေထဲကိုပဲ နစ်ပြီးရင်းနစ် ဆင်းပြီးရင်းဆင်းနေမိတယ်။

မ မရှိတဲ့ ကမ္ဘာမှာ
မ မချစ်တဲ့ ကောင်
မ မကြိုက်တဲ့ အရည်သောက်ရင်း
မ ပေးတဲ့ ဒုက္ခတွင်းထဲမှာ နစ်နေရပြီ။

မ ကိုလွမ်းလိုက်တာ ... တစ်ခွက်
မ ကတော့ မေ့နေမှာပါ ... တစ်ခွက်
မ က ငါ့ကို မချစ်ဘူး ... တစ်ခွက်
မ က ရက်စက်လိုက်တာ ... တစ်ခွက်
မရေ.. ကျွန်တော် အဆိပ်တွေ တက်နေပြီ။

တကယ်စိတ်ဆိုးသွားပြီထင်တယ်။
ဘာလိုနားမလည်နိုင်တာလဲ။
ညကအိပ်လို့တောင်မပျော်ဘူး။
ယူ ကောဘာတွေလုပ်နေလဲ။
ဒီနေ့တနင်္ဂနွေနေ့ဆိုတော့အလုပ်တွေရှုပ်နေမှာပေါ့နော်။
ထမင်းကောစားပြီးရဲ့လား။
ဖုန်းဆက်ချင်နေပေမယ့် မင်းရဲ့အသံကြားရင် မစိတ်မကောင်းဘူး။
မင်းကိုလိမ်မာစေချင်တယ်။
မကိုနားလည်ပေးပါနော်။
ယူစာပို့ပို့ မပို့ပို့ဒီအကောင့်က မပိုင်တာဆိုတော့တစ်နေ့ ၂ခေါက်တော့ဖွင့်ကြည့်မိတယ်။


မရယ်..
ကျွန်တော့်ကိုကော မက နားလည်မပေးချင်ဘူးလား။
ကျွန်တော် မ ကိုချစ်တာ ဘယ်နေရာမှာ ဘာများမှားနေလို့လဲဟင်။

ကျွန်တော့်နားက ထွက်သွားတာ အကောင်းဆုံးဖြေရှင်းနည်းတဲ့လား..
ကျွန်တော် နားမလည်တဲ့စကားပါ။
မက ဘယ်သူ့အတွက် အကောင်းဆုံးဖြေရှင်းလိုက်တာပါလဲ။
ဒီလိုဖြေရှင်းလိုက်တာဟာ ကျွန်တော့်အတွက် အကောင်းဆုံးဖြစ်တာလား
မ အတွက် အကောင်းဆုံးဖြစ်တာလား
မ ချစ်သူအတွက် အကောင်းဆုံးဖြစ်တာလား.။
ကျွန်တော် နားမလည်နိုင်ဘူး။

မ..ရေ..
အသံမထွက်ပဲ ကျိန်စာတိုက်နေရော့သလား။
အခု မ စိတ်နဲ့ ကျွန်တော် ဖျားပြီ..။
သေလောက်တဲ့ ရောဂါဖြစ်ပါစေလို့ ဆုတောင်းမိတယ်။
မရယ် ... မ မရှိဘူးဆိုရင် တကယ်ပဲ နေချင်စိတ်မရှိတော့ဘူး။
အသက်မပါတဲ့ မနက်တွေ.အသက်မပါတဲ့ ညတွေ..
ကျွန်တော် ရှင်သန်နေရတာကို စိတ်လေနေပြီ။

ကြာရင် မေ့သွားမှာပါ ဆိုတဲ့ အတွေးမျိုးနဲ့ မက ကျွန်တော့်ကိုထားခဲ့တာလား။
ဒါဆို မ မှားသွားခဲ့ပြီ။
မ သာအဲဒီလိုစိတ်နဲ့ ကျွန်တော့်ကို ထားခဲ့တာဆိုရင်
မ..မျက်လုံးတွေကို သေချာစိုက်ကြည့်ပြီး ကျွန်တော်ကလည်း မေးချင်လိုက်တာ..။
လမ်းခွဲခဲ့တဲ့ ဒီရက်တွေမှာ မ ကျွန်တော့်ကို တစ်ခါမှတောင် လွမ်းမနေခဲ့ဘူးတဲ့လား။
တစ်ချက်မှတောင် သတိမရဘူးလား။
မင်းခံစားရမှာ စိုးလို့ ဆိုတဲ့ စကားနဲ့တော့
ထပ်ပြီး မလှည့်စားနဲ့ပေါ့လေ။
ကျွန်တော်က အဖြေကို သိထားပြီးသားရယ်ပါ။

ထားပါတော့ မရေ..
ငါပေးတာပဲ မင်းယူရမယ် ဆိုတဲ့ စကားက
ကျွန်တော် တစ်သက်လုံး မှတ်ထားရမယ့် စကားဆိုတာ သိထားပြီးသားပါ။

ချစ်တဲ့ ..မရေ..
ဘ၀မှာ ကျွန်တော့် ပိုင်ဆိုင်ခွင့်ရှိတဲ့ အရာတွေအားလုံးထဲမှာ
မ ပေးခဲ့ဖူးတဲ့ ကြည်နူးစရာ နေ့ရက်ကလေးတွေက တန်ဖိုးအရှိဆုံးဖြစ်ပြီး
ကျွန်တော် ပိုင်ဆိုင်ခွင့်မရှိတဲ့ အရာတွေထဲမှာ
မ ယူသွားတဲ့ ကျွန်တော့်မနက်ဖန်တွေက ဆုံးရှုံးမှု အကြီးမားဆုံးအရာတွေပါ.။

မရေ.. ပြီးတော့လဲ ပြီးသွားမှာပါဆိုတဲ့ သဘာဝတရားက
လောကကြီးထဲမှာ အမြဲတန်းမှန်ကန်နေမယ်လို့ မ ထင်ထားလေရော့သလား။
ဒါဆို ကျွန်တော့်တို့ သမိုင်းကြောင်းမှာ ရှင်မွေးနွန်းနဲ့ မင်းနန္ဒာလည်း မရှိဘူး။
ရိုမီယိုနဲ့ ဂျူးလိယက်လဲ မရှိဘူး။
မ..သိထားဖို့က သစ္စာတရားဆိုတာ ကမ္ဘာပျက်တဲ့အထိ ယိုယွင်းမသွားဘူး မရဲ့.။

အင်းပေါ့လေ..
အပျော်ကစားခဲ့တဲ့ ပွဲဆိုရင်တော့
မ သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ရုပ်က ပီပြင်လွန်းတော့
ကျွန်တော် မ လက်ထဲမှာ အကြိမ်ကြိမ်အခါခါ သေရတာ မဆန်းဘူးဘဲ ထားပါတော့။

ဘာပဲဖြစ်ဖြစ် မကို မြတ်နိုးမိတဲ့ အပြစ်နဲ့
ကျွန်တော့်အချစ်တွေကို ဒီသချိုင်္င်းလေးမှာ လာလာပစ်
မ ကိုလွမ်းလို့ စိတ်ညစ်တိုင်း ရင်ဖွင့်နေရစ်ပါ့မယ်။
ကျွန်တော်ချစ်တဲ့ မ သာယာချမ်းမြေ့ပါစေကြောင်း
မေတ္တာစိတ်နဲ့ ဆုတောင်းရင်းပေါ့။

သုံးရာသီ

မ၀ံ့သည်သာ...
............................
မြေလွှာပေါ် အကြွေရောက်
ဖွဖွလေးကောက် ကြိုးနဲ့ သီ
ချစ်သူဆီ ပဏာဆက်မည်ပေါ့...ပြေးလာခဲ့သည်။


လာခဲ့သော်ငြား နောက်ကျပြီ....
ပင်မြင့်မှာ ပန်းသဇင် ဝေပြီမို့
ကိုယ် ပို့တဲ့ ပန်းအကြွေ ခရေညှိုးရယ်က
တန်ဖိုးမဲ့ သူ့နေရာ...
မြေလွှာပေါ် ပြန်ကာ သက်မည်ပေါ့...
စိတ်လျှော့ရသည်.. ဆောင်းရာသီ ။

မ၀ံ့သည်သာ....
.................................
စံပယ်တွေ လှိုင်လှိုင်မြူးပြီမို့
ပွင့်ဦးစ အဖူးအခတ်ကို
သူ့အတွက်လို့ ရွယ်ရည်
သည်တစ်ခါ နောက်ကျလျှင် မဖြစ်ပြီမို့

အပို့စောရန် ကြိုးစားခဲ့သော်ငြား
ထိပ်ထားရဲ့  ကေသာဦးမှာ
ဂုဏ်ထူးသူ နှင်းဆီဖူးရယ်က
အရင်ဦး ရောက်နှင့်ပြန်သည်ပေါ့
စိတ်လျှော့ရသည်...မိုးရာသီ ။

မောင် မ၀ံ့သည်သာ .....
............................
စိန်ပန်းပြာ နွေခါဦးမှာ ဖူးပွင့်ပြန်တာ ....။
မှူးသက်လျာ ဒေ၀ီ အတွက်
ပို့ဆက်ဖို့ ဘယ်လို ကြိုးသော်လည်း
ကိုယ် ဆုံးဖြတ်မရဲပါ။
ဒီအချိန်ဖြင့် သူ့ ကေသာ
ပိတောက်ဝါ ဂုဏ်အမြင့်က
ထူးတင့်မည်ပေါ့ သေချာ။

သုံးရာသီ အချစ်ကို သိစေချင်သော်ငြား
မောင်သွားလျှင် မောင့် အမှားပေမို့
စိန်ပန်းပြာ မျက်နှာမွဲကို
ရင်ကွဲစေ အံကိုကြိတ်
မျိုသိပ်လို့ ထွေးပိုက်ရသည်...

သြော်....လွမ်းရပါသော နွေရာသီ..။။

Saturday 13 March 2010

အသက်မဲ့

ဟဲလို ...
ဟုတ်ကဲ့..
ကျွန်တော်ပါ..

စိတ်ကူးထဲမှာ ဖုန်းလာလို့ စိတ်ကူးထဲမှာ ထကိုင်ကြည့်လိုက်မိတယ်။

“ထမင်းစားပြီးပြီလား.”
“ည က သောက်သေးလား တဲ့.။
“ဟင့်အင်း..မရယ် ကျွန်တော် မစားရသေးဘူးဆိုတော့
အရင်ဆူနေကြအတိုင်း ဆူလိုက်သေးတာပဲ”
“အခုထိ မစားရသေးဘူး.. မင်း မစကားကို နားမထောင်ဘူးနော်..အခုသွားစား”..တဲ့..

မရေ..
လွမ်းလိုက်တာ..
ဖုန်းခေါ်သံတွေကြားတိုင်း ကျွန်တော့်ရင်ဘတ်ကို မုန်တိုင်းတစ်ခု ၀င်ဝင်မွှေတယ်.။

မရေ..
အိပ်ရာက နိုးတယ်.. အသက်မဲ့
မုန့်ဟင်းခါးစားတယ်.. အသက်မဲ့
လဘက်ရည်သောက်တယ်..အသက်မဲ့
ရယ်တယ် ..ပြုံးတယ်..အသက်မဲ့
မ မရှိတော့တဲ့အခါ အရာအားလုံး အသက်မဲ့ပေါ့။

မရေ..
နေနိုင်သူကြီးရေ..
ကျွန်တော် လွမ်းနေမှာကို သိတယ်မို့လား.။
တမ်းတနေမှာကို သိတယ်မို့လား..။
သိသိကြီးနဲ့ ပစ်ထားရက်တယ်နော်..မရယ်။
မ သိပ်ရက်စက်တယ်.။

Friday 12 March 2010

ရှင်သန်ခြင်းရဲ့ အဆုံး...သေဆုံးခြင်းရဲ့ အစ

အစ်မရေးတဲ့စာကိုတော့ဆုံးအောင်ဖတ်ပေးပါနော်။
အစ်မကြောင့် ဘာလို့ကိုယ့်ဘ၀ကိုအရှုံးပေးမှာလဲ။
ယူလည်း ပညာတတ်တာဘဲ။စဉ်းစားကြည့်ပါ။
အစ်မကယူ့ကိုမောင်လေးတစ်ယောက်လိုဖြူစင်စွာချစ်ခဲ့တယ်။
တစ်ခါတစ်လေယူနဲ့အပြင်သွားရင်အစ်မကိုယ့်ကိုယ်ကိုယ်မလုံဘူး။
အစ်မရဲ့ချစ်သူကိုသစ္စာမဲ့နေတယ်လို့ခံစားရတယ်။
အခုသူမရှိတဲ့အချိန်မှာသူမသိအောင်ဘာမှမလုပ်ချင်ဘူး။
အစ်မသူ့ကိုအရမ်းချစ်တယ်။
သူနဲ့အစ်မနဲ့ကချစ်သူဖြစ်တာ၈နှစ်ကျော်ပြီလေ။
ဘယ်လိုမှလည်းမေ့လို့မရဘူး။
မေ့မှာလည်းမဟုတ်ဘူး။
အစ်မယူနဲ့ပတ်သက်ခဲ့တယ်..ဂရုစိုက်ခဲ့တယ်ဆိုတာကလည်း အစ်မရဲ့စိတ်ထဲကဖြူစင်ခဲ့တယ်။
သူမရှိဘူးဆိုပေမယ့်သူမကြိုက်တာ အစ်မဘာမှမလုပ်ဘူး။
အစ်မပြောတာတွေကိုနားမလည်ဘူးဆိုရင်တော့ယူ့သဘောဘဲလေ.။
အခုကတည်းက မေ့လိုက်တာအကောင်းဆုံးလို့ အစ်မထင်တယ်။
ကြာလာရင်ပိုဆိုးမှာပေါ့။
ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ပါ။
ယူ့ကိုလိမ်မာစေချင်တာ မရဲ့စေတနာပါ.
မကိုနားလည်ပေးပါနော်။
မကမိန်းခလေးလေ။
မကိုတကယ်ချစ်တယ်ဆိုရင်တော့လိမ်မာပါနော်။

..................................
..................................

ဒီလိုနဲ့ ဒီနေ့မှာ ကျွန်တော် သေဆုံးခဲ့ပါတယ်။
မ .ရှိမနေတော့တဲ့ ကျွန်တော့်ဘက် အခြမ်းမှာလေ ....
ကမ္ဘာကြီးတစ်ခုလုံးဆိတ်ငြိမ်......
ကမ္ဘာကြီးတစ်ခုလုံးအမှောင်ကျ....
ကမ္ဘာကြီးတစ်ခုလုံး တစ်ဝုန်းဝုန်းပြိုကျသွားခဲ့တယ်။
ဆို့တက်လာတဲ့ ရင်ဘက်က မွန်းကျပ်နာကျင်လာတယ်။
ကိုယ့်အနားမှာ လူတွေ အများကြီးရှိနေပေမယ့် ကျွန်တော်တစ်ယောက်ထဲလိုပါပဲ။
ကျွန်တော့်အတွက် ဒီအချိန်က စပြီး ငရဲဆိုတာ နားလည်လိုက်ပါတယ်။
မရေ.. ချန်ထားခဲ့မယ်ဆိုတာ ကြိုသိပြီးသားဆိုပေမယ့်
ဒီလောက် ရက်ရက်စက်စက် မြန်မြန်ထားသွားမယ်လို့ ထင်မထားမိလို့
နည်းနည်းတော့ ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့ပါတယ်။
သိရဲ့လား ..မရေ.။
ကျွန်တော်က ငိုမပြချင်ခဲ့ပါဘူး။
မျက်ရည်တွေက သူ့အလိုလို ကျလာတာပါ..မရဲ့..။
တကယ်ပဲ ကျွန်တော်ကတော့ မငိုချင်ခဲ့ပါဘူး။
Gmail လေးကို Sing off လုပ်ပြီး ထိုင်နေရာက ထလိုက်တယ်။
ဘယ်တော့မှ ပြန်ဖွင့်စရာမလိုတော့တဲ့ ကျွန်တော့်ရဲ့ အကောင့်လေးလေ။
အားလုံးစုစုပေါင်းကြည့်မှ မ ..တစ်ယောက်ပဲ ပြောမယ့်သူရှိတဲ့ ကျွန်တော့်အကောင့်လေး။
ထားတော့ ...သွားတော့.. ။
ကျွန်တော် အားတင်းပြီး ထရပ်လိုက်တယ်။
ကျွန်တော့်အတွက် အခု လောလောဆယ် ဘယ်သူမှ ရှိမနေတဲ့ အခန်းတစ်ခုလိုတယ်။
အမူးလွန်နေတဲ့ အရက်သမားတစ်ယောက် အန်ချင်တာကို ထိန်းမရသလိုမျိုး
အချစ်မွှန်နေတဲ့ ကျွန်တော် ငိုချင်တာကို ထိန်းလို့မရဘူး.။
မလဲ သိသားပဲ။ ယောက်ျားလေးဆိုပေမယ့် မနဲ့ ပတ်သက်ရင် ကျွန်တော်က မျက်ရည်လွယ်တယ်ဆိုတာ။
အခန်းတံခါးကို ချက်ချပြီးတော့ ကျွန်တော်အားရပါးရ ငိုချလိုက်တယ်။
မရယ် .. ..
ရက်စက်လိုက်တာလို့ ညည်းမိသေးလား။
မလုပ်ပါနဲ့ ..မရယ် ..လို့ ရေရွတ်မိသေးလား။
မသိဘူး..။ ကျွန်တော် မသိတော့ဘူး မရယ်။ ၀မ်းနည်းတယ်။

မနက် (၈)နာရီမှာ လာနေကျဖုန်းသံလေး ...အခု သေသွားပြီ။
ည (၈)နာရီမှာ တွေ့နေကျ အွန်လိုင်းမီး စိမ်းစိမ်းလေး .... အခု သေသွားပြီ။
ကားမှတ်တိုင်ကို မ ..လာရင် ကျွန်တော်စောင့်နေကျ အုတ်ခုံလေး ...အခုသေသွားပြီ။
ကျွန်တော်အော်ဟစ်ခဲ့တဲ့ အချစ်နဲ့ သက်ဆိုင်တဲ့ ပျော်စရာသီချင်းတွေ ...အခုသေသွားပြီ။
mamamaung1310 လည်း အခုသေသွားပြီ။
maung1310 လည်း အခုသေသွားပြီ။
ကျွန်တော့်ကို နွေးထွေးစေခဲ့တဲ့ မရဲ့ လက်အေးအေးလေး ...အခု သေသွားပြီ။
ကျွန်တော် ခိုးယူမွှေးကြူခဲ့တဲ့ မရဲ့ ဆံနွယ်မွှေးမွှေးလေးတွေ ...အခု သေသွားပြီ။
ကျွန်တော့်အတွက် မ ၀ယ်ပေးခဲ့တဲ့ စီးကရက်ဘူးခွံလေးတွေ ... အခု သေသွားပြီ။
မ ... စကားသံချိုချို..
မ... အပြုံးချိုချို ..
အို..မရဲ့ ကြင်နာမှု ချိုချိုတွေ အားလုံး ကျွန်တော်နဲ့အတူ သေဆုံးသွားခဲ့ပြီ။

မရေ..
ကျွန်တော့်ရဲ့ ချစ်ရပါသော မရေ.
မ .. မကြိုက်တဲ့ ပိုးလိုးပက်လက်ပုလင်းတွေက ကျွန်တော့်အခန်းထဲမှာ..။
မ.. ၀ယ်ပေးခဲ့တဲ့ ကော်ဖီခွက်လေး ကျွန်တော့်အခန်းထဲမှာ.။
ကြိုးတန်းပေါ်က တိုးလို့တွဲလောင်း မွှေးပွသဘက်လေးတစ်ထည် ကျွန်တော့်အခန်းထဲမှာ..။
အေးစက်နေတဲ့ ရင်ခုန်သံအသေတွေ ကျွန်တော့်အခန်းထဲမှာ..။
တစ်စက်ပြီးတစ်စက် လှိမ့်တက်လာတဲ့ မျက်ရည်စတွေက ကျွန်တော့်အခန်းထဲမှာ..။
ကြိုးအသစ်နဲ့ ဂစ်တာအိုလေး ကျွန်တော့်အခန်းထဲမှာ ..။
ရေးလက်စ ကဗျာတစ်ပုဒ်က ကျွန်တော့်အခန်းထဲမှာ..။
တွန့်လိမ်နေတဲ့ စီးကရက် ဖင်ဆီခံတွေ ကျွန်တော့်အခန်းထဲမှာ..။
Print ထုတ်ထားတဲ့ Chet mail အဟောင်းစာရွက်လေးတွေ ကျွန်တော့်အခန်းထဲမှာ..။
တိတ်ဆိတ်ခြင်းတွေက ကျွန်တော့်အခန်းထဲမှာ..။
ကြီးထွားခွင့် မရလိုက်တဲ့ ချစ်ခြင်းမေတ္တာက ကျွန်တော့်အခန်းထဲမှာ..။
ထုတ်ပြခွင့် မသာလိုက်တဲ့ မြတ်နိုးမှုတွေက ကျွန်တော့်အခန်းထဲမှာ..။
မသဂြိုလ်ရသေးတဲ့ ရင်ခုန်သံအသေတွေ ကျွန်တော့်အခန်းထဲမှာ...။
ကိုယ်ထူကိုယ်ထ မရှိနိုင်တော့တဲ့ မနက်ဖန်တွေ ကျွန်တော့်အခန်းထဲမှာ..။
ညိုမဲနေတဲ့ မျက်တွင်းဟောက်ပက်တွေ ကျွန်တော့်အခန်းထဲမှာ..။
မနက်ခင်းတွေမှာ အသံပေးစရာ မလိုတော့တဲ့ သံပတ်နာရီလေး ကျွန်တော့်အခန်းထဲမှာ..။
ချစ်တဲ့ မ..ရေ..
ဘ၀ဆိုတာ ..ဘာပါလဲ..။
အဓိပ္ပါယ်မဲ့တယ် ဆိုတဲ့ စကားလုံးက ဘယ်မှာသုံးရတာပါလဲ..။
သံယောဇဉ်ဆိုတဲ့ အခိုင်အခန့် ဒီကြိုးကို ဘယ်လို ရင်ဘတ်နဲ့ မက ဖြတ်တောက်ရက်ခဲ့တာပါလဲ..။
မေးလို့ ရရင်မေးချင်နေခဲ့တယ်..။