ကျွန်တော့်အတွက် သူဖြစ်ခွင့် မရရင် သူ့ အတွက်တော့ ကျွန်တော်ဖြစ်ချင်မိတယ်။ ဘယ်လောက်များတောင် ရူးလဲဆို ကျွန်တော့် အသိဥာဏ်တရားကို သူ့အတွက် ငယ်ထားချင်တယ်..။ ကျွန်တော့်ရဲ့ နေရာလွတ်ကို သူ့အတွက် ဖယ်ထားပေးချင်တယ်။ သူ့ကို စာလုံးပေါင်းတယ်..။ သံယောဇဉ်လို့ အသံထွက်ပြီး ... နာကျင်မှုလို့ အဓိပ္ပာယ်ရတယ်.. သူ့ကို နောက်ယောင်ခံလိုက်တဲ့ နေ့တွေဆို ကျွန်တော်ဘာစားစား ချိုနေတော့တာပဲ..။

Friday, 19 March 2010

မအတွက်....အချစ်ဆိုတာ..


မရေ..

အချစ်ဆိုတာ ဘာလဲလို့ တွေးမိတိုင်း ဘယ်တော့မှ ပြည့်စုံတဲ့ အဖြေကို မရခဲ့ဖူးဘူး။
ဘယ်သူမှလဲ ပြည့်စုံအောင် ဖြေနိုင်မှာ မဟုတ်ပါဘူး။
မ..ကော အချစ်ဆိုတာကို ဘယ်လိုထင်သလဲဟင်.။

မရေ..
မ ဖတ်ဖို့ ကဗျာဆရာ ကောင်းကင်ကိုရဲ့ “အချစ်ဆိုတာ...” ဆိုတဲ့ ကဗျာလေးတစ်ပုဒ် ကူးရေးထားပေးတယ်.။
မ ခံစားကြည့်ပေါ့နော်.။


အချစ်ဆိုတာ


အချစ်ဆိုတာ တစ်လုံးတည်းနဲ့ ရသစုံနေတဲ့ သစ်သီး
အချစ်ဆိုတာ နှလုံးသားကို ထထခုန်စေတဲ့ ပစ္စည်း။

အချစ်ဆိုတာ လစ်ပိုတွေ အပြည့်ဖြည့်ထားတဲ့ အဏ္ဏဝါ
ချစ်သူ့စကားနဲ့ ဒုက္ခတွေကို ပစ်ပေါက်လိုက်မယ် အဖန်တရာ။

အချစ်ဆိုတာ လူပျင်းတွေကိုတောင် တင်းပေးနိုင်တဲ့ သံပတ်
အချစ်ဆိုတာ အထီးကျန်နေသူတွေရဲ့ နောက်ဆုံးခံတပ်။

အချစ်ဆိုတာ မမြင်နိုင်တဲ့ ကြိုးတစ်ချောင်းနဲ့  ပျံသန်းနေတဲ့ လေတံခွန်
အချစ်ဆိုတာ ကဗျာမျိုးစေ့တွေ စီးဆင်းလာတဲ့ ရေတံခွန်။

အချစ်ဆိုတာ ရေယောင်ဆောင်ပြီး ကြည်လင်နေတဲ့ ဂျင်အရက်
လူတွေကို ယစ်မူးစေနိုင်ခဲ့တယ် အစဉ်အဆက်။

အချစ်ဆိုတာ နှုတ်ခမ်းလေးထဲက ခုန်ပေါက်ထွက်လာတဲ့ သကာ
အချစ်ဆိုတာ ထမင်းပြီးရင် အရေးအကြီးဆုံးသော အစာ။

အချစ်ဆိုတာ လျှာဖျားစက်ရုံတော်က ထုတ်လုပ်လိုက်တဲ့ သကြားချိုချို ဖြစ်ပါသလား။
အချစ်ဆိုတာ ပါးစပ်ဖျားပေါ်မှာတင် တစ်သွားတဲ့ မေတ္တာတရား။

အချစ်ဆိုတာ မပျောက်ချင်လို့  တမင်တကာ မွေးထားလိုက်တဲ့ အနာ
အချစ်ဆိုတာ အချိန်တွေပေးပြီး ကျင်ယူထားရတဲ့ ရတနာ။

အချစ်ဆိုတာ အရေးတကြီး အဟောခံခဲ့ရတဲ့ တရား
အချစ်ဆိုတာ လူသားတွေရဲ့ အနူးညံ့ဆုံးသော အမှား။

အချစ်ဆိုတာ အရာရာကို တော်လှန်ရဲတဲ့ သူပုန်
တစ်ချို့ ကျတော့လည်း မိဘစကားဆိုတဲ့ ပုဝါဟောင်းကြီးတွေကို ခြုံလို့ ။

အချစ်ဆိုတာ တစ်ချို့ မိန်းမသားတွေ အတွက်တော့ ထမင်းတစ်လုတ်
တစ်ခါတစ်ခါ သူတို့ ကို ခေါင်းခေါက်ရွေးနိုင်မယ့် ဒေါ်လာတစ်ဆုပ်။

အချစ်ဆိုတာ ကောင်မလေးတွေ အရမ်းကျွမ်းတဲ့ ဂဏန်းသချာင်္
ပုရိသတွေကို ချိန်တွယ်ပစ်မယ့် အံ့မခန်းပညာ။

အချစ်ဆိုတာ အရည်မမီလို့ အပယ် ခံလိုက်ရတဲ့ ဆန်ကွဲ
အချစ်ဆိုတာ ဖန်ထည်ထက်တောင် ကွဲအက်လွယ်တဲ့ အသည်း။

အချစ်ဆိုတာ ကြိတ်ပြီးတဲ့ အခါ အချိုကုန်သွားတတ်တဲ့ ကြံဖတ်
ဘာပဲဖြစ်ဖြစ် သံယောဇဉ်နဲ့ မြတ်နိုးတတ်ဖို့ တော့ လိုတယ်။

အချစ်ဆိုတာ ကမ္ဘာကိုမောင်းနှင်ထားတဲ့ လောင်စာ
အချစ်ဆိုတာ ငါတို့ ကို အကျဉ်းချထားတဲ့ ထောင်ပါ။

အချစ်ဆိုတာ ကျွံမိရင် ကြိုက်ကြိုက် မကြိုက်ကြိုက် နေရတော့မယ့် စခန်း
အချစ်ဆိုတာ ဂငယ်ကွေ့  ပြန်ကွေ့ ဖို့ ခက်ခဲတဲ့ လမ်း။

အချစ်ဆိုတာ ဘယ်တော့မှ မတိတ်မယ့်မိုး
ချောချော လှလှလေးတွေကို မြင်ရင် အသည်းနှလုံးဆိုတာ နိုးတတ်တယ်။

အချစ်ဆိုတာ နှစ်ယောက်တည်းနဲ့ စပြီးပျိုးခဲ့တဲ့ ဥယျာဉ်
သံယောဇဉ် နွယ်ပင် လေးတွေကို စုချင်တယ်။

အချစ်ဆိုတာ လုံခြုံမှုကို ပေးစွမ်းနိုင်တဲ့ အမိုး
အချစ်ဆိုတာ လူအလစ်ကို စောင့်နေရတဲ့ သူခိုး။

အချစ်ဆိုတာ ပုံသဏ္ဍန်အမျိုးမျိုးနဲ့ မှန်းဆရ ခက်တဲ့ မိုးတိမ်
အချစ်အကြောင်းကို ဖွဲ့ လိုက်တိုင်း ကိုယ့်လက်ကိုယ် စိုးရိမ်တယ်။

(ကောင်းကင်ကို)

1 comment:

  1. ရှယ်​ပါရ​စေ...အရမ်းကြိုက်​တယ်

    ReplyDelete

မ .. ပဲ သိတဲ့ ဆိုဒ်လေ.. မ..ရေးချင်တာရေးခဲ့ပေါ့