ကျွန်တော့်အတွက် သူဖြစ်ခွင့် မရရင် သူ့ အတွက်တော့ ကျွန်တော်ဖြစ်ချင်မိတယ်။ ဘယ်လောက်များတောင် ရူးလဲဆို ကျွန်တော့် အသိဥာဏ်တရားကို သူ့အတွက် ငယ်ထားချင်တယ်..။ ကျွန်တော့်ရဲ့ နေရာလွတ်ကို သူ့အတွက် ဖယ်ထားပေးချင်တယ်။ သူ့ကို စာလုံးပေါင်းတယ်..။ သံယောဇဉ်လို့ အသံထွက်ပြီး ... နာကျင်မှုလို့ အဓိပ္ပာယ်ရတယ်.. သူ့ကို နောက်ယောင်ခံလိုက်တဲ့ နေ့တွေဆို ကျွန်တော်ဘာစားစား ချိုနေတော့တာပဲ..။

Sunday, 14 March 2010

တစ်ခွက်...နောက်တစ်ခွက်..... ပြီးတော့ နောက်ထပ်တစ်ခွက်...

ချစ်တဲ့ မရေ...။
ဆိုင်ပိတ်ချိန်က ည (၁၁) နာရီ..။
ဆိုင်တံခါးတွေပိတ်ပြီးချိန်က ည (12)နာရီ။
တစ်နေ့တာ မောင့်အလုပ်ချိန်က (15)နာရီ။
တစ်နေ့တာ မ ကို လွမ်းချိန်က (24)နာရီ။
မောင် ပင်ပန်းလွန်းလှပါပြီ။
မရေ..မောင်နားချင်ပြီ။

ကျေးဇူးပြုပြီး ခဏလောက် အာရုံထဲက ထွက်သွားပေးပါလား။
မ အကြောင်းတွေ မတွေးဘူး..မတွေးဘူးလို့ ကြိုးစားအသက်ရှင်ကြည့်ရင်း
ဒီအလွမ်းတွေထဲကိုပဲ နစ်ပြီးရင်းနစ် ဆင်းပြီးရင်းဆင်းနေမိတယ်။

မ မရှိတဲ့ ကမ္ဘာမှာ
မ မချစ်တဲ့ ကောင်
မ မကြိုက်တဲ့ အရည်သောက်ရင်း
မ ပေးတဲ့ ဒုက္ခတွင်းထဲမှာ နစ်နေရပြီ။

မ ကိုလွမ်းလိုက်တာ ... တစ်ခွက်
မ ကတော့ မေ့နေမှာပါ ... တစ်ခွက်
မ က ငါ့ကို မချစ်ဘူး ... တစ်ခွက်
မ က ရက်စက်လိုက်တာ ... တစ်ခွက်
မရေ.. ကျွန်တော် အဆိပ်တွေ တက်နေပြီ။

တကယ်စိတ်ဆိုးသွားပြီထင်တယ်။
ဘာလိုနားမလည်နိုင်တာလဲ။
ညကအိပ်လို့တောင်မပျော်ဘူး။
ယူ ကောဘာတွေလုပ်နေလဲ။
ဒီနေ့တနင်္ဂနွေနေ့ဆိုတော့အလုပ်တွေရှုပ်နေမှာပေါ့နော်။
ထမင်းကောစားပြီးရဲ့လား။
ဖုန်းဆက်ချင်နေပေမယ့် မင်းရဲ့အသံကြားရင် မစိတ်မကောင်းဘူး။
မင်းကိုလိမ်မာစေချင်တယ်။
မကိုနားလည်ပေးပါနော်။
ယူစာပို့ပို့ မပို့ပို့ဒီအကောင့်က မပိုင်တာဆိုတော့တစ်နေ့ ၂ခေါက်တော့ဖွင့်ကြည့်မိတယ်။


မရယ်..
ကျွန်တော့်ကိုကော မက နားလည်မပေးချင်ဘူးလား။
ကျွန်တော် မ ကိုချစ်တာ ဘယ်နေရာမှာ ဘာများမှားနေလို့လဲဟင်။

ကျွန်တော့်နားက ထွက်သွားတာ အကောင်းဆုံးဖြေရှင်းနည်းတဲ့လား..
ကျွန်တော် နားမလည်တဲ့စကားပါ။
မက ဘယ်သူ့အတွက် အကောင်းဆုံးဖြေရှင်းလိုက်တာပါလဲ။
ဒီလိုဖြေရှင်းလိုက်တာဟာ ကျွန်တော့်အတွက် အကောင်းဆုံးဖြစ်တာလား
မ အတွက် အကောင်းဆုံးဖြစ်တာလား
မ ချစ်သူအတွက် အကောင်းဆုံးဖြစ်တာလား.။
ကျွန်တော် နားမလည်နိုင်ဘူး။

မ..ရေ..
အသံမထွက်ပဲ ကျိန်စာတိုက်နေရော့သလား။
အခု မ စိတ်နဲ့ ကျွန်တော် ဖျားပြီ..။
သေလောက်တဲ့ ရောဂါဖြစ်ပါစေလို့ ဆုတောင်းမိတယ်။
မရယ် ... မ မရှိဘူးဆိုရင် တကယ်ပဲ နေချင်စိတ်မရှိတော့ဘူး။
အသက်မပါတဲ့ မနက်တွေ.အသက်မပါတဲ့ ညတွေ..
ကျွန်တော် ရှင်သန်နေရတာကို စိတ်လေနေပြီ။

ကြာရင် မေ့သွားမှာပါ ဆိုတဲ့ အတွေးမျိုးနဲ့ မက ကျွန်တော့်ကိုထားခဲ့တာလား။
ဒါဆို မ မှားသွားခဲ့ပြီ။
မ သာအဲဒီလိုစိတ်နဲ့ ကျွန်တော့်ကို ထားခဲ့တာဆိုရင်
မ..မျက်လုံးတွေကို သေချာစိုက်ကြည့်ပြီး ကျွန်တော်ကလည်း မေးချင်လိုက်တာ..။
လမ်းခွဲခဲ့တဲ့ ဒီရက်တွေမှာ မ ကျွန်တော့်ကို တစ်ခါမှတောင် လွမ်းမနေခဲ့ဘူးတဲ့လား။
တစ်ချက်မှတောင် သတိမရဘူးလား။
မင်းခံစားရမှာ စိုးလို့ ဆိုတဲ့ စကားနဲ့တော့
ထပ်ပြီး မလှည့်စားနဲ့ပေါ့လေ။
ကျွန်တော်က အဖြေကို သိထားပြီးသားရယ်ပါ။

ထားပါတော့ မရေ..
ငါပေးတာပဲ မင်းယူရမယ် ဆိုတဲ့ စကားက
ကျွန်တော် တစ်သက်လုံး မှတ်ထားရမယ့် စကားဆိုတာ သိထားပြီးသားပါ။

ချစ်တဲ့ ..မရေ..
ဘ၀မှာ ကျွန်တော့် ပိုင်ဆိုင်ခွင့်ရှိတဲ့ အရာတွေအားလုံးထဲမှာ
မ ပေးခဲ့ဖူးတဲ့ ကြည်နူးစရာ နေ့ရက်ကလေးတွေက တန်ဖိုးအရှိဆုံးဖြစ်ပြီး
ကျွန်တော် ပိုင်ဆိုင်ခွင့်မရှိတဲ့ အရာတွေထဲမှာ
မ ယူသွားတဲ့ ကျွန်တော့်မနက်ဖန်တွေက ဆုံးရှုံးမှု အကြီးမားဆုံးအရာတွေပါ.။

မရေ.. ပြီးတော့လဲ ပြီးသွားမှာပါဆိုတဲ့ သဘာဝတရားက
လောကကြီးထဲမှာ အမြဲတန်းမှန်ကန်နေမယ်လို့ မ ထင်ထားလေရော့သလား။
ဒါဆို ကျွန်တော့်တို့ သမိုင်းကြောင်းမှာ ရှင်မွေးနွန်းနဲ့ မင်းနန္ဒာလည်း မရှိဘူး။
ရိုမီယိုနဲ့ ဂျူးလိယက်လဲ မရှိဘူး။
မ..သိထားဖို့က သစ္စာတရားဆိုတာ ကမ္ဘာပျက်တဲ့အထိ ယိုယွင်းမသွားဘူး မရဲ့.။

အင်းပေါ့လေ..
အပျော်ကစားခဲ့တဲ့ ပွဲဆိုရင်တော့
မ သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ရုပ်က ပီပြင်လွန်းတော့
ကျွန်တော် မ လက်ထဲမှာ အကြိမ်ကြိမ်အခါခါ သေရတာ မဆန်းဘူးဘဲ ထားပါတော့။

ဘာပဲဖြစ်ဖြစ် မကို မြတ်နိုးမိတဲ့ အပြစ်နဲ့
ကျွန်တော့်အချစ်တွေကို ဒီသချိုင်္င်းလေးမှာ လာလာပစ်
မ ကိုလွမ်းလို့ စိတ်ညစ်တိုင်း ရင်ဖွင့်နေရစ်ပါ့မယ်။
ကျွန်တော်ချစ်တဲ့ မ သာယာချမ်းမြေ့ပါစေကြောင်း
မေတ္တာစိတ်နဲ့ ဆုတောင်းရင်းပေါ့။

No comments:

Post a Comment

မ .. ပဲ သိတဲ့ ဆိုဒ်လေ.. မ..ရေးချင်တာရေးခဲ့ပေါ့